Tuesday, August 23, 2011

SF Burmese Demo Community issued balance sheet for 88 Event



ဆန်ဖရန်မြန်မာဒီမိုအင်အားစု ၈၈အခမ်းအနား ရသုံးငွေစာရင်းထုတ်ပြန်
လက်ကျန်ငွေကို ဥက္ကလံမြို့ ဘုန်းတော်ကြီးကျောင်းဝေယျဝစ္စအတွက် လှူမည်
မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၄၊ ၂၀၁၁
ဆန်ဖရန်ဘေးဧရိယာမြန်မာတိုင်းရင်းသား ဒီမိုကရေစီအင်အားစုများ စုပေါင်းကျင်းပတဲ့ ၈လေးလုံး ၂၃ နှစ် အခမ်းအနားကျင်းပရေး အလုပ်အဖွဲ့က နောက်ဆုံး ငွေစာရင်းရှင်းတမ်းကို အများပြည်သူနဲ့ အလှူရှင်များအားလုံးကို အသိပေးထုတ်ပြန်လိုက်ပါတယ်။ အလှူခံရရှိငွေနဲ့ စုပေါင်းထည့်ဝင်ငွေ စုစုပေါင်း ၂၈၅၅ ဒေါ်လာ ရရှိပြီး လက်ကျန် ၃၇၆.၈၃ ဒေါ်လာ စာရင်းရှိကြောင်းနဲ့ လက်ကျန်ငွေကို ဥက္ကလံမြို့ မြန်မာတိုင်းရင်းသားတို့ သာရေး၊ နာရေး စုဝေးရာ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း အထွေထွေကျောင်းစာရိတ်အတွက် လှူဒါန်းမယ်လို့ ဆုံးဖြတ်ကြပါတယ်။


အဲသည်လို လက်ကျန်ငွေထွက်လာရတာက ခမ်းမကုန်ကျစာရိတ်ထဲမှာ လုံခြုံရေးဝန်ထမ်းများအတွက် စာရိတ်ကို မပေးဆောင်ရလို့ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ အခြား လက်တင်အမေရိကန်ကွန်မြူနီတီပွဲတော်ကြီးနဲ့ တိုက်ဆိုင်နေလို့ ကျောင်းမြေနေရာရဲ့ ပရ၀ုဏ်ကို အခြားအဖွဲ့အစည်းတွေက ငှားယမ်းလိုက်ကြတာကြောင့် စာရိတ်သက်သာသွားတယ်လို့ ပြောပါတယ်။ သို့သော်ကျောင်းအာဏာပိုင်တွေက နောက်ပိုင်းမှ စာရင်းပြန်ရှင်းခိုင်းရင်လည်း အဆိုပါ ကျသင့်ငွေတွေကို ၀ိုင်းဝန်းကြတဲ့ အစုအဖွဲ့တွေက စိုက်ပေးကြမယ်၊ လက်ရှိလက်ကျန်ငွေကိုတော့ ဘုန်းတော်ကြီးကျောင်းအတွက် လှူဒါန်းလိုက်မယ်လို့ ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။
၈လေးလုံးအခမ်းအနား အစီအစဉ်နဲ့ ပြခန်းများ၊ စင်မြင့်တင်ဆက်မှုများအတွက် လုပ်အားပေးဆောင်ရွက်သူများအနက် စင်မြင့်ပြင်ဆင်ရေးနဲ့ ပြခန်းကိစ္စများအတွက် အထူးဝါယမစိုက်ထုတ်ကြတဲ့ ကိုကျော်လှမြိုင်၊ ပန်းချီဇော်မှိုင်းနဲ့ ကိုဝင်းလှိုင် (NLD – MP) တို့ကို အထူးကျေးဇူးတင်ကြောင်း အခမ်းအနားကျင်းပရေးအဖွဲ့က မှတ်တမ်းတင်ပါတယ်။ တကယ်တမ်းမှာတော့ အမည်နာမ မခံဘဲ ၀ိုင်းပြီး ဆောင်ရွက်ကြတဲ့ စေတနာရှင်၊ အလှူရှင်နဲ့ လုပ်အားပေးတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုတယ်လို့ စီစဉ်သူအလုပ်အဖွဲ့က ပြောပါတယ်။
ရှေ့ဆက်ပြီးတော့လည်း ဆန်ဖရန်ဘေးဧရိယာက မြန်မာတိုင်းရင်းသားဒီမိုကရေစီ အင်အားစုတွေ လက်တွဲပြီး အင်အားတွေ တိုးချဲ့ပြီးတော့ မြန်မာပြည်ထောင်စုအရေး၊ အမျိုးသားရေးတွေ ဆက်လက်လုပ်ကိုင်သွားကြမယ်လို့ ဆန္ဒရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
(ဓာတ်ပုံ - ကိုကိုလေး၊ အခမ်းအနားမြင်ကွင်း)

No comments:

Post a Comment