Sunday, August 7, 2011

Congratulation to SF Burmese Community for successfully hosting the event

ဆန်ဖရန်ဘေးဧရိယာမြန်မာတို့ ၈၈ - ၂၃နှစ်ပြည့် အခမ်းအနားကျင်းပပြီးစီး
မိုးမခ၊ သြဂုတ် ၇၊ ၂၀၁၁
ယမန်နေ့ နေ့ခင်းက ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဥက္ကလံမြို့၊ ဆီဇာရှေးဗတ်ဇ် ကျောင်းရိပ်သာတွင် မြန်မာဒီမိုကရေစီအင်အားစုများ၏ ၈လေးလုံး ၂၃နှစ်ပြည့် အခမ်းအနားကို စုဝေးကျင်းပကြသည်။ မြန်မာဧည့်ပရိသတ် ၁၀၀ ကျော် တက်ရောက်သည်ကို တွေ့ရသည်။ ဘေးဧရိယာအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းနှင့် တိုင်းရင်းသားအစုအဖွဲ့ ၁၀ ဖွဲ့၏ ပြခန်းများ၊ ရှင်းလင်းတင်ဆက်မှုများအပြင် မြန်မာမိသားစုများ၏ စင်မြင့် တင်ဆက်မှုများဖြင့် စည်ကားစွာ ကျင်းပသွားသည်။
သံဃာတော် စုစုပေါင်း ၇ ပါးကို ပင့်ပြီး ဆွမ်းကျွေးတရားနာခြင်း၊ ဘာသာပေါင်းစုံက ပုဂ္ဂိုလ်များက ၀တ်ပြုဆုတောင်းပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။ တက်ရောက်လာသော ဧည့်ပရိသတ်ကို အများစုပေါင်း ချက်ပြုတ်သည့် မြန်မာဟင်းလျာများ၊ မုန့်ဟင်းခါး တို့ဖြင့် တည်ခင်း ဧည့်ခံကြသည်။
၎င်းနောက် အခမ်းအနာကို ကျင်းပရာ အမှာစကားများပြောကြားခြင်း၊ သ၀ဏ်လွှာများ ကြေညာချက်များ ဖတ်ရှုခြင်း၊ တေးဂီတ၊ ကဗျာ၊ သရုပ်ဖော် သရုပ်ပြတင်ဆက်မှု၊ ရုပ်သံတင်ဆက်မှုများဖြင့် မြန်မာတိုင်းရင်းသားတို့က ၈၈ အထိမ်းအမှတ်ကို ဂုဏ်ပြုတင်ဆက်ကြသည်။ မိမိတို့ စည်းလုံး ညီင်္ညွတ် ချစ်ခင်ကြရန်၊ လက်တွဲသွားကြရန် ဖော်ကျူးသော ဘေးဧရိယာမြန်မာမျိုးဆက်သစ်လူငယ်တို့၏ ညီညွတ်ရေးအငြိမ့်ကို ပရိသတ်က အထူးနှစ်သက်သည်ကို တွေ့ရသည်။
ခန်းမတွင် ခင်းကျင်းပြသထားသော ၈၈ အရေးတော်ပုံ အထိမ်းအမှတ် ပြပွဲ ပြခန်းများကိုလည်း လူအများက စိတ်ဝင်တစားကြည့်ရှုအားပေးကြသည်ကို တွေ့ရသည်။ ဥက္ကလံမြို့၏ ပန်းချီဆရာ ဇော်မှိုင်း၏ အနုပညာတင်ဆက်မှုများကိုလည်း ပရိသတ်က နှစ်သက်ကြသည်ကို တွေ့ရသည်။ ရှမ်း၊ ကရင်၊ ချင်း၊ အေဘီအက်စ်ဒီအက်ဖ်၊ ၈၈ အရေးတော်ပုံစသည့် ပြခန်းတင်ဆက်မှုများကို ဇော်မှိုင်းနှင့် ဥက္ကလံအခြေစိုက် မြန်မာတိုင်းရင်းသားများ၊ မြန်မာနိုင်ငံရေးဒုက္ခသည်များက ၀ိုင်းဝန်းလုပ်ေအားပေး တင်ဆက်ကြသည်ကို တွေ့ရသည်။
လက်ရှိမြန်မာနိုင်ငံရေးအကြပ်အတည်းများအနက် အများ၏ အာရုံစိုက်မှုကို ရရှိနေသော ကချင်ပြည်နယ်တွင်းရှိ ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားတွေ ဒုက္ခပင်လယ်ဝေနေကြပုံကို ရုပ်သံတင်ဆက်မှု၊ ပြခန်းတင်ဆက်မှုတို့ဖြင့် Kachin Heritage organization ၏ တင်ဆက်မှုကိုလည်း အများက စိတ်ဝင်စားကြသည်ကို တွေ့ရသည်။
အခမ်းအနားတွင် ၈၈ မျူိးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်၏ သ၀ဏ်လွှာကို ဖတ်ကြားခြင်းနှင့် အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင်၏ အမှာစကားကို ထပ်ဆင့်ပြန်လည် ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဓာတ်ပုံ အယ်လဘန်ကို သည်နေရာမှာ ကြည့်နိုင်ပြီ။
http://sfbc88.blogspot.com မှာလည်း ဓာတ်ပုံများ ရုပ်သံများ တင်ဆက်ထားမည် ဆိုသည်။

No comments:

Post a Comment